Home featured “ကျုပ်တို့က ကျည်ပြီးတယ်” ကလေးစစ်သားတို့ကြီးပြင်းလာချိန်မှာ စစ်၏အမွေက သက်ဆိုးရှည်ဆဲပင်

“ကျုပ်တို့က ကျည်ပြီးတယ်” ကလေးစစ်သားတို့ကြီးပြင်းလာချိန်မှာ စစ်၏အမွေက သက်ဆိုးရှည်ဆဲပင်

101
0

ဘုရားသခင်၏တပ်တော်(God’s Army) အမွှာခေါင်းဆောင်နှစ်ဦးမှာ ပဉ္စလက်စွမ်းပကားတို့ရှိသည်ဟု တချိန်က ထင်မြင်ထားသည်။ ယခုအခါ သူတို့ လူလားမြောက်နေပြီ။ တိုင်းပြည်စွန့်ခွာရမှု၊ အရက်နှင့် ပူဆွေး စိတ်ဒဏ်ရာတို့ကို သူတို့ရင်ဆိုင်နေရဆဲ။

နတ်သံကွင်း၊ မြန်မာ__ ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ ဂျွန်နီထူး ကျောခင်းလဲလျောင်းနေသည်။ သူ့မျက်လုံးများက ကြောင်တောင်ငေးနေသည်။

သူ ချာတိတ်အရွယ်က သူနှင့်သူ့အမွှာညီအကို လူသာတို့ဘုရားသခင်တပ်မတော် (God’s Army) ကို အမိန့်ပေးကွပ်ကဲခဲ့စဉ်က ဂျွန်နီထူးက အခြားသူများမမြင်နိုင်သည်ကိုမြင်နိုင်တယ်လို့နာမည်ကြီးသည်။

ကမ္ဘာ့သက်ဆိုးအရှည်ဆုံးပြည်တွင်းစစ်တခုမှာ သမ္ဘာရင့်ခက်ထန်နေသူ သူ့စစ်သားများက သူတို့ကို ဂျွန်နီထူးနှင့်လူသာထူးတို့က မှော်ပဉ္စလက်အစွမ်းဖြင့် ကျည်ပြီးအောင်လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ ဖိနှိပ်ခံလူထုတရပ်ဖြစ်သည့် မြန်မာ့ကရင်တိုင်းရင်းသားတို့အတွက် အဆောင်လက်ဖွဲ့ကလေးများပင်ဖြစ်သည်။

ထိုင်းမြန်မာနယ်စပ်ကတဲအိမ်ထဲမှာ ဂျွန်နီ့အစ်မဝမ်းကွဲက အခြားသူများကိုတိုးတိုးတိတ်တိတ်နေကြရန်ပြောလိုက်သည်။ သူစကားပြောအလာကိုစောင့်နေကြပေမယ့် အသက်၃၂နှစ်အရွယ်ဂျွန်နီထူးက မျက်လုံးမှိတ်ပြီးမှေးအိပ်သွားသည်။

“မူးနေပြီ” ဂျွန်နီ၏သူငယ်ချင်းလည်းဖြစ်၊ နောက်လိုက်တပည့်တဦးလည်းဖြစ်သူ ဆဲလာအဲက လေသံတီးတိုးပြောသည်။ “အမြဲ မူးနေတာ”

မိုင်ရာချီဝေးသည့်မြန်မာပြည်အရှေ့ပိုင်းသစ်တောထဲမှာ အပေါစားသူ့ဖုန်းမှမီးရောင်က လူသာထူး၏ရင်ဘတ်ဗလာဆီမှာ အရောင်လင်းလာသည်။ သူ့ဘယ်ရင်အုံကို ကရင်အမျိုးသားအလံဆေးမှင်ကြောင်ထိုးထားသည်။ ဆေးမှင်ကြောင်အောက်မှာ အမာရွတ်အရေပြားတွန့်တခု။

လူသာထူးက သူ့မျက်လုံးအိမ်၊ ဒူးခေါင်းနှင့်ပေါင်တို့ကို ထိုးပြသည်။ သူကိုယ်မှာ ကျည်ဒဏ်ရာ အနည်းဆုံး ၁၀ခု ဟု သူ ပြောသည်။

သူ တိတ်ဆိတ်သွားသည်။ သူ့မျက်လုံးက ကြောင်တောင်ငေးရီနေသည်။

Image၁၉၉၉ ခုနှစ်က ဂျွန်နီ (ဘယ်) နှင့် လူသာ။ မှော်အစွမ်းတွေရှိသည်ဟု ယုံကြည်ကြသော လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အမွှာညီအစ်ကိုနှစ်ယောက်က ဦးဆောင်ခဲ့ကြသည်။
Credit…Apichart Weerawong/Associated Press

“မူးနေပြီ” သူ့ချစ်သူမိန်းကလေး၏မိခင်နော်ဌေးမြင့်ကပြောသည်။ အပြစ်တင်သည်ထက် အကဲခတ်သည့်သဘောသာ။ “သူ အမြဲ မူးနေတယ်”

ရာစုအကူးအပြောင်းကာလမှာ အသက်၁၀နှစ်ပင်မရှိသေးသည့် လူသာထူးနှင့်ဂျွန်နီထူးတို့က ရာချီအင်အားရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့ကိုကွပ်ကဲခဲ့သည်။ မြန်မာစစ်တပ်၏ကျူးကျော်မှုများမှကရင်လူမျိုးစုကိုကာကွယ်ရန် သူတို့ ရည်ရွယ်သည်။ သူတို့အရပ်အမြင့်က သူ့တို့ရိုင်ဖယ်သေနတ်များလောက်မမြင့်။ သို့သော် အမေရိကန်သာသာနပြုများကြောင့် နှစ်ခြင်းဘာသာဝင်များဖြစ်လာသူတို့၏သားစဉ်မြေးဆက်ဖြစ်သော သူတို့နောက်လိုက်များက အမွှာနှစ်ယောက်ကို ကိုးကွယ်ကြသည်။ ဘုရားသခင်စေလွတ်တော်မူသည့် ကိုယ်ပျောက်စစ်သားများကိုပင့်ဖိတ်ရန် သူတို့နှစ်ဦးစလုံးက ဆုတောင်းရွတ်ဆိုပေးနိုင်သည်ဟု သူတို့ပြောပြသည်။

တယောက်ကလွင့်ဝဲနေသောဆံပင်နှင့်၊ ရာဖယ်ရဲ့တမန်တော်တပါး၏ချင့်ချိန်ဟန်မျိုးရှိပြီး တယောက်က ငယ်ရွယ်သည့်အသက်နှင့်မလိုက်ခက်ထန်ပြတ်သားလွန်းဟန်ရှိသော အမွှာညီကိုနှစ်ယောက်။ သူတို့ကရူးဆိတ်စစ်က ကျည်ဆံတသောသောပစ်ခတ်အဆုံးသတ်သွားချိန်မှာ သူတို့ကိုကမ္ဘာနှင့်အဝှမ်းအာရုံစိုက်မှုမြင့်လာခဲ့သည်။ နှစ်များစွာတိုက်ပွဲမှာ God’s Army တပ်သား (အချို့ ကလေးများ) အနည်းဆုံး ၁၀၀ သေဆုံးခဲ့ပြီ။ ထိုထက်များသော အရေအတွက်က ခြေပြတ်လက်ပြတ်ဖြစ်၊ အသက်မွေးအလုပ်အကိုင်များဆုံးရှုံး၊ လက်တွေ့အမှန်အပေါ်စွဲမြဲယုံကြည်မှုများ ပျောက်ဆုံးသွားသည်။

ဆယ်စုနှစ်ခုကြာပြီးနောက်မှာ အမွှာညီအစ်ကိုတို့၏သြဇာအရှိန်အဝါက မပြယ်သေး။ ယခု လူကြီးဖြစ်နေသည့် ကောင်လေးနှစ်ဦးသည် သူတို့နောက်လိုက်များအတွက် ဆုံးရှုံးသွားသောဇာတိအိမ်ယာ၏နောက်ဆုံးအချိတ်အဆက် ဖြစ်သည်။ သူတို့နောက်လိုက်များက ကမ္ဘာတလွှားနေရာအသီးသီး ပျံ့နှံ့ထွက်သွားကြပြီ။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ နယူးဇီလန်၊ မြောက်ကယ်ရိုလိုင်းနားကဲ့သို့နေရာများက ပြည်ပရောက်အသိုင်းအဝိုင်းများအထိ ထွက်သွားကြသည်။

နေရပ်စွန့်စစ်သားများသည် ကမ္ဘာ့သမိုင်းမှာ အရေအတွက်အများဆုံးကမ္ဘာလုံးဆိုင်ရာတိုင်းပြည်စွန့်ခွာ ဒုက္ခသည်များ၏ တစိတ်တပိုင်းဖြစ်လာသည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်း အနည်းဆုံး လူသန်း၁၀၀ မိမိတို့အိမ်ယာဌာနေကို စွန့်ခွာပြေးကြသည်။ မြန်မာတနိုင်ငံတည်းမှာပဲ လူနည်းစုဖြစ်သည့်လူမျိုးစုများထဲကတစ်သန်းကျော် (အများစုရိုဟင်ဂျာမွတ်စလင်များ) ၂၀၁၆မှာစတင်သည့်ပဋိပက္ခကြောင့် ဌာနေစွန့်ခွာပြောင်းရွှေ့ရသည်။ မြန်မာနယ်စပ်ဒေသများမှာ စစ်ဖြစ်နေဆဲအချိန်တွင် မြန်မာစစ်တပ်က သူ့လူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရည်ရွယ်ချက်ဖြင့် ကျူးလွန်နေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက စွပ်စွဲထားသည်။

ပြည်ပမှာနှစ်များစွာကြာပြီးနောက် ဂျွန်နီနှင့်လုသာတို့၏တပ်သားများ သူတို့ကိုယ်ခန္ဓာမှဒဏ်ရာအမာရွတ်များ အနာကျက်သွားသည်ကိုမြင်ရပြီ။ ဂျွန်နီနှင့်လုသာတို့ကိုယ်တိုင်သည်လည်းထိုသို့ပင်။ တပ်သားများ၏ကလေးတချို့က ယခုအခါ အမေရိကန်၊ ဆွီဒင်၊ နယူးဇီလန်နိုင်ငံသားများဖြစ်နေပြီ။ အခြားအလံတော်များကိုကတိသစ္စာခံနေကြပြီ။

သို့သော် စိတ်ဒဏ်ရာများက ပြန်ကျက်ဖို့ ပိုခက်ခဲသည်။ အထူးသဖြင့် ဒုက္ခသည်ဘဝက အစေအပါးအလုပ်များလုပ်ကိုင် ရုန်းကန်နေရပြီး ယဉ်ကျေးမှုဓလေ့များနှင့်စိမ်းနေသေးချိန်မှာ ပိုခက်သည်။ စိတ်ဒဏ်ရာဒဏ်ချက်များက ကုစားမရ ဖြစ်နေဆဲ။ ကိုရိုနာဗိုင်းရပ်စ်က သူတို့၏အလုပ်ခွင်များမှာ မင်းမူနေသည်။

နယ်မြေဝေးကွာပြီးရာသီပိုအေးရာသို့လွတ်မြောက်ရောက်ရှိလာချိန်မှာ သူတို့လက်ရှိဘဝကို အတိတ်က ဖိစီးထားဆဲဖြစ်သည်ကို God’s Army ၏စစ်သည်ဟောင်းများတွင်တွေ့ရသည်။ မြန်မာပြည်ကို လုံးဝ ခြေမချဖူးသည့်နောက်လူငယ်မျိုးဆက်အတွက်ပင်လျင် သူတို့ဘဝက မရှိတော့ပြီဖြစ်သည့်ရွာတရွာ၊ ရှုံးနှိမ့်ခဲပြီဖြစ်သည့် တပ်ဖွဲ့တခုနှင့် ဆက်နွယ်နေသည်။

လူသာ၊ ဂျွန်နီ့မိခင်၊ ညီမများနှင့်အခြားဆွေမျိုးများက နယူးဇီလန်နိုင်ငံ သြကလန်မြို့မှာပြန်လည်အခြေချသည်။ အခန်း ၅ခန်းပါအိမ်တအိမ်မှာ လူ၁၂ဦး ပြွတ်သိပ်နေသည်။ သည်နိုင်ငံရောက်လာပြီးဆယ်စုနှစ်တခုကျော်အကြာမှာ အမြွှာညီကို၏မိခင်ဒေါ်ပီခန်းသည် အဝေးပြေးလမ်းမကြီးများနှင့်အသားမကျနိုင်သေး၊ မြေသားလမ်းပေါ်က မိတ်ဆွေတယောက်၏အိမ်သို့အေးအေးလူလူလမ်းလျှောက်သွားဖို့မဖြစ်နိုင်သေး။ ဆွေမျိုးတစ်ဒါဇင်နှင့်အတူနေသည့်တိုင် အားလုံးက သီးခြားအထီးကျန်နေသည်။

“ကျမ အိမ်ပြန်ချင်တယ်” သူ ပြောသည်။ ထို့နောက် သူ ပြန်စဉ်းစားသည်။ “ကျမ အိမ်မပြန်ချင်ဘူး”

သူ သက်ပြင်းချသည်။ ထိုဆန္ဒနှစ်ခုစလုံး မမှား။ နှစ်ခုစလုံးလည်း မမှန်။

ကရင်ရွာအတွင်းပိုင်း ဘုရားသခင်တောင်အနီးရွာထဲကလူတိုင်းက ၁၉၈၈ခုနှစ်မှာမွေးသည့် ဂျွန်နီနှင့်လူသာထူးတို့က ထူးခြားသူများဖြစ်သည်ကို သိကြသည်။

လူသာက စမ်ချောင်းတခုဆီရေးချိုးဆင်းသွားပြီး တမန်တော်ဖြစ်ကောင်းဖြစ်နိုင်သည့်လူအိုတယောက်အသွင် ပြောင်းသွားသည်ဆိုသော ဇာတ်လမ်းတပုဒ်ရှိခဲ့သည်။ ဂျွန်နီရေပေါ်မှာလမ်းလျှောက်သည်ဆိုသောအချိန်ရှိခဲ့သည်။ သူဆံပင်ရှည်များက သူတို့တွေးထင်ထားသည့်ယေရှုဆံနွယ်များကဲ့သို့ လေမှာလွင့်နေသည်။ အမြွှာနှစ်ယောက် ဆယ်နှစ်သားအရွယ်ရောက်လာချိန်မှာ ကိုယ်ပျောက်တပ်ဖွဲ့များစုစည်းခဲ့သည်၊ သူတို့က မြန်မာစစ်သားများရှိရာကို ဝါးပင်တရှဲရှဲသံပင်မကြားရပဲသတင်းပေးနိုင်သည်ဟု ရွာသားများကပြောသည်။

ကယ်တင်ရှင်တဦးကို ရွာသားများက တောင့်တခဲ့သည်။ သူတို့အတွက် နှစ်ဦးရလိုက်သည်။

“ကျမ ကိုယ်ဝန်ရှိတော့ ကျမသားတွေဟာ ပြန်လည်ရှင်သန်လိုတဲ့ နာမည်ကြီးစစ်သားတွေလို့ အိပ်မက်မက်တယ်”ဟု ဒေါ်ပီခန်းက ပြောသည်။ “ဂျွန်နီနဲ့လူသာ မွေးပြီးတော့ ဘဝကပိုအဆင်ပြေလာတယ်။ တောမှာ တောကောင်များများ အမဲလိုက်လို့ရလာတယ်။ သူတို့ကကာကွယ်ထားတော့ ကျမတို့ လုံခြုံဘေးကင်းနေတယ်”

ထူးညီအကိုအမွှာနှစ်ယောက်သည် တောင်ယာလုပ်ကိုင်ပြီး အမဲလိုက်ရာမှာသုံးသည့် အိမ်လုပ်ကျည်ဆံများပြုလုပ်သည့် မိသားစုမှာ မွေးဖွားလာသည်။ မြန်မာစစ်တပ်ထိုးစစ်ဆင်မှုများကြောင့် သူငယ်တန်းကျောင်းသားအရွယ်မှာပင် ထိုင်း မြန်မာနယ်စပ်တကြောက တောတောင်ထဲ သူတို့ရောက်သွားရသည်။ အမွှာနှစ်ယောက်ကို သူတို့ဖခင်ကဲ့သို့ပင် အကြီးဆုံး ကရင်တိုင်းရင်းသားတပ်မတော်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထဲသို့ဝင်ရောက်မည်ဟု မျှော်လင့်ထားခဲ့သည်။

ဗမာနိုင်ငံအဖြစ်တချိန်ကသိကြသည့်နိုင်ငံကို ၁၉၄၈ ဗြိတိန်ဆီကလွတ်လပ်ရေးရပြီးကတည်းက ကရင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ကတိုက်ခိုက်နေသည်။ လွတ်လပ်ရေးရပြီးစနိုင်ငံသစ်က ဗမာတိုင်းရင်းသားအများစုနှင့် လူနည်းစုတိုင်းရင်းသားများ စုစည်းထားသည့် ပြည်ထောင်စုဖြစ်သည်။ သို့သော် လူဦးရေ ၅သန်းဝန်းကျင်ရှိသည့်ကရင်က အစိုးရ၏လူမျိုးကြီးဝါဒစတင်လာသည်ကို ကသိကအောက်ဖြစ် စိတ်မရှည်နိုင်ဖြစ်ရသည်။ အခြားတိုင်းရင်းသားလက်နက်ကိုင်များကဲ့သို့ပင် တချို့က လက်နက်ကိုင်လာကြသည်။

နိုင်ငံခြားသားမုန်းသည့် ဗိုလ်ချုပ်တဦးက ၁၉၆၂ခုနှစ် အရပ်သားအစိုးရကိုအာဏာဖြုတ်ချချိန်မှာ ပြည်ထောင်စုမပြိုကွဲအောင် စစ်အုပ်ချုပ်ရေးလိုအပ်သည်ဟု အကြောင်းပြသည်။

၁၉၉၀ပြည့်နှစ်များနှောင်းပိုင်းမှာ ကရင်က ခံစစ်အခြေအနေမှာရှိသည်။ မြန်မာပြည်ထဲက ပြည်နယ်လေးကိုတချိန်က ထိန်းချုပ်ထားသည့်ကရင်တိုင်းရင်းသားလက်နက်ကိုင်များက သူတို့ပိုက်နက်အများစုကိုဆုံးရှုံးလိုက်ရသည်။ ဂျွန်နီနှင့်လူသာတို့ကဲ့သို့ ခရစ်ယာန်များသာမက ဗုဒ္ဓဘာသာဝင်နှင့်နတ်ကိုးကွယ်သူများအပါအဝင် သိန်းနှင့်ချီသောကရင်တို ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများဆီ ထွက်ပြေးခဲ့ကြရသည်။ ထို့နောက် ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖြစ်နေထိုင်ပြီး ပင်လယ်စာလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပင်ပင်ပန်းပန်းလုပ်ကိုင်နေသည်။

အများစုက ငှက်ဖျားအဖြစ်များသည့်တောနယ်များကိုပြန်လာကြသည်။ မြန်မာစစ်သားများက ထိုးစစ်ဆင်မှုများ လုပ်လာသည့်အခါ သူတို့တဲအိမ်များကိုစွန့်ပစ်ရသည်နှင့်သာ ကြုံရပြန်သည်။ မြန်မာစစ်တပ်က ထိုသို့ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်မှုများတွင် လိင်အကြမ်းဖက်မှု၊ ရွာမီးရှို့မှုများ အင်တိုက်အားတိုက် လုပ်ဆောင်သောကြောင့် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုသဘောပင်ဖြစ်သည်ဟု ကုလသမဂ္ဂကဆိုသည်။

လူသာနှင့်ဂျွန်နီတို့လမ်းလျှောက်သင်ခါစအရွယ်မှာ တိုင်းပြည်၏စစ်အာဏာရှင်အစိုးရကို ဥစ္စာဓနများယူဆောင်ပေးလာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်လမ်းကြောင်းဖောက်ရန် သစ်တောများကို မြန်မာစစ်သားများက စတင် ရှင်းလင်းသည်။ ထိုမြေပေါ်နေထိုင်သည့်ကရင်များမှာ ဘာမျှမရဟုဆိုရမည်။

သစ်တောထူထပ်သည့် တောင်ကုန်းများပေါ် မြန်မာစစ်တပ်ခြေလျင်တပ်သားများ ရုတ်တရက်တဟုန်ထိုးဝင်လာသည့်အခါ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မှ စစ်သားရာပေါင်းများစွာ ဆုံးရှုံးရသည်။ ဂျွန်နီနှင့်လုသာတို့က တိုက်ခိုက်ရန် ဆက်လက်ရှိနေသည်။ သူတို့က သေနတ်ပစ်ကောင်းသည်။ သူတို့ကိုယ်ခန္ဓာသေးသေးလေးပေါ် လက်နက်များ မနိုင်တနိုင် တရွတ်ဆွဲပြီး ငြိမ်အောင်ကိုင်ထားနိုင်သည်။ မြေမြှုပ်မိုင်းများကို သူတို့ နင်းမိသည် မရှိ။ ကျည်ဆန်များက မုတ်သုန်မိုးလိုရွာနေသည့်တိုင် ထိရှပွန်းပဲ့ရာတခုမရှိဘဲ သူတို့ပြန်ပေါ်လာသည်ဟု ရွာသားများကပြောသည်။

“ရုပ်ရှင်ထဲက စူပါပါဝါရထားတဲ့တယောက်လိုပေါ့” ဂျွန်နီကပြောသည်။ “သိတယ်မလား။ ကိုယ့်ကိုပစ်နေတယ်။ ဒါပေမယ့် ကျည်ဆန်တွေ လာမထိဘူး”

God’s Army ပေါ်ထွန်းလာခဲ့သည်။ စစ်ထဲမှာမိဘမဲ့ဖြစ်သွားသူများက God’s Army တပ်သားများအဖြစ်တိုးလာသည်။ သူတို့မှာ အခြားသွားစရာမရှိ။ Swiss Family Robinson ရုပ်ရှင်နှင့် Lord of the Flies ဝတ္ထုကိုပေါင်းစပ်ထားသလိုပင်။ စစ်သားကြီးများက ဝိုင်းဖွဲ့ဆုတောင်းကြသည်။ ထို့နောက် တိုက်ပွဲအတွင်းမှာ အမွှာနှစ်ယောက်ကို လာဘ်အဆောင်များလို သူတို့ ပုခုံးမှာ ထမ်းမထားသည်။ တောင်ကိုရီးယားခရစ်ယာန်အသိုင်းအဝိုင်းကလည်း သူတို့ဆီထောက်ပံ့လှူဒါန်းကြသည်။

Credit…Sukree Sukplang/Reuters

God’s Army ၏ စည်းမျဉ်းများက တင်းကြပ်သည့်ကရင်ခရစ်ယာန်အယူဝါဒနှင့်အညီဖြစ်သည်။ ဥမစား၊ ဝက်သားမစား၊ လိမ်ညာမပြော၊ ဆဲဆိုခြင်းမလုပ်ရ။ သမ္မာကျမ်းအပိုဒ်များကို တိုက်ပွဲညွှန်ကြားချက်များအဖြစ်သုံးသည်။ အမွှာညီအကိုက ကလေးများဖြစ်သည့်အတွက် သူတို့ဆဲဆိုခြင်းနှင့်ဆေးလိပ်အဆက်မပြတ်သောက်ခြင်းကိုတော့ အရေးတယူရှိပုံမရ။ ဂျွန်နီက စိတ်ဆတ်သည်။ လူသာက နောက်တတ်ပြောင်တတ်သည်။ နှစ်ယောက်စလုံးအတွက် စစ်ဝတ်စုံများက ကြီးလွန်းနေသည်။

God’s Armyက အသက်ကြီးပိုင်း အတွေ့အကြုံရှိတပ်ဖွဲ့ဝင်များက ဘန်ကောက်ရှိမြန်မာသံရုံးကိုဝင်စီးသည့် ကျောင်းသားတပ်မတော်နှင့်အဆက်အသွယ်ရှိနေသည့်တိုင် သူတို့နောက်လိုက်များက သူတို့အပေါ်သစ္စာရှိနေမြဲဖြစ်သည်။

“ကျုပ်တို့က အရက်မသောက်ဘူး။ ကျုပ်တို့ကိုဘေးကင်းအောင်လုပ်ပေးဖို့ ဘုရားသခင်ကခွင့်ပြုချက်ကို ကျုပ်တို့ နေ့စဉ် ဆုတောင်းတယ်” ဘုရားသခင်တပ်တော် (God’s Army) ၏ ဗိုလ်မှူးဟောင်းတယောက်ဖြစ်တဲ့ဦးအာနာဝါး ကပြောသည်။ “ကျနော်တို့က ကျည်ပြီးတယ်”

သို့သော် သူတို့ကျည်မပြီးပါ။

၁၉၈၈ခုနှစ်ကဖြစ်ပွားသည့် God’s Armyနှင့် မြန်မာစစ်တပ်တပ်ရင်းတခုကြားဖြစ်ပွားသည့် တိုက်ပွဲတခုမှာ ဦးအာနာဝါးကျည်ထိမှန်သည်။ ထိုတိုက်ပွဲမှာ God’s Armyက ၃ယောက်ကျဆုံးသည်။ ဦးအာနာဝါး၏ခြေကို ဒူးအထက်မှ ဖြတ်လိုက်ရသည်။

၂၀၀၀ခုနှစ်မှာ ကျောင်းသားလက်နက်ကိုင်အဖွဲ့၏အဖွဲ့ဝင်များနှင့် God’s Armyတို့ မြန်မာ-ထိုင်းနယ်စပ်ရှိ ရချာဘူရီမြို့ကဆေးရုံတရုံကို ဝင်စီးသည်။ လူနာရာပေါင်းများစွာကို ဓားစာခံထားသည်။ သူတို့၏ဒဏ်ရာရစစ်သားများအတွက် ဆေးပစ္စည်းအထောက်အပံံ့ရရှိရေး သူတို့ ကြံရာမရဖြစ်နေသည်။

ထိုင်းစစ်တပ်က ပြတ်ပြတ်သားသား တုံ့ပြန်သည်။ ဓားစားခံများကိုဖမ်းဆီးသူအားလုံးအသတ်ခံရသည်။ ထိုသို့ ဝင်ရောက်စီးနင်းမှုမှာ ဂျွန်နီနှင့်လူသာတို့မပါ။ သို့သော် God’s Army ၏အကောင်းဆုံးစစ်သားတချို့ ဆုံးရှုံးလိုက်ရသည်။ ၁နှစ်အတွင်းမှာ အမွှာနှစ်ဦးက ထိုင်းစစ်တပ်ဆီမှာလက်နက်ချပြီးနောက် ထိုင်းနိုင်ငံရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံခဲ့ကြသည်။ ဒီလိုနဲ့ God’s Army လည်းဆုံးခန်းတိုင်သွားသည်။ လူငယ်လေးများမှာ အသက် ၁၃နှစ်ပင် မပြည့်သေး။

လူသာ ကြီးကောင်ဝင်စအချိန် အစောပိုင်းမှာ သူ အများဆုံး မှတ်မိနေသည်က အအေးဒဏ်။

၂၀၀၉ မှာ သူက ထိုင်းနိုင်ငံဒုက္ခသည်စခန်းကနေ ဆွီဒင်နိုင်ငံကိုသွားသည်။ ထိုနိုင်ငံအကြောင်း သူများများစားစား မသိ။ ဆွီဒင်ကလူတွေ အရပ်ရှည်တယ်၊ ဆံပင်အရောင်တွေဖြူဖျော့နေတယ်လို့သာ သူကြားဖူးထားသည်။ သူကတော့ သူ့အမွှာညီအစ်ကိုကဲ့သို့ပင် ၅ပေ မပြည့်တပြည့်။ ကာလရှည်ကြာအဟာရမပြည့်ဝမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆွီဒင်မှာ ပင်လယ်စာကောင်းသည်ဟု တယောက်ကသူ့ကိုပြောထားသည်။ သို့သော် အကောင်ကြီးမားပြီး အသားများသည့်ငါးကြီးက သူဖမ်းခဲ့ဖူးသည့်ချောင်းထဲက အရိုးများများကြားကအချိုဆုံးအသားရှိသည့် ငါးလေးများနှင့်မတူ။

လူသာတယောက် ယော်တဲ့နဲမြို့လေးမှာ ၁၀နှစ်ကြာခဲ့သည်။ ထိုမြို့ကလေးမှာ အခြားကရင်မိသားစု ၃ခု၊ တရုတ်စားသောက်ဆိုင်တဆိုင်ရှိသည်။ ထိုနေရာကို သူ့အိမ်ဖြစ်လာနိုင်မည်အထင်ဖြင့် သူကြိုးစားခဲ့သည်။ ဆွီဒင်ဘုရင်များနှင့်ဆိုရှယ်လစ်ဝါဒကို သူသိခဲ့သည်။ အခြားကရင်ဒုက္ခသည်တယောက်နှင့် သူ အိမ်ထောင်ပြုပြီး သူတို့မှာ ကလေးတယောက်ထွန်းကားခဲ့သည်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတခုမှာ သူအလုပ်လုပ်ခဲ့သည်။ သူ အိမ်ထောင်ကွဲသွားသည်။

စိတ်ဖိစီးကမောက်ကမဖြစ်ခြင်းက စွန့်ခွာပြောင်းရွှေ့လာသူများမှာ ခံစားရသည်။ အနောက်နိုင်ငံများတွင် ကရင်လူမျိုးအများစုမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြသည်။ ကရင်လူမျိုးဒုက္ခသည် ထောင်ပေါင်းများစွာဟာ အမေရိကန်မှာ စုရုံး နေထိုင်သည်။

အမေရိကန်ပြည်ထောင်စုမှာနေထိုင်သည့်ဘဝက ရုပ်ဝတ္ထုပိုင်းအရဆိုလျှင် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းနှင့် သူတို့အမိမြေမှာ ဝမ်းစာရရုံလယ်သမားအဖြစ် နေထိုင်ရသည်ထက်ပိုကောင်းသည်။ သို့သော် အမေရိကန်နိုင်ငံသား ဗမာသုံးပုံတပုံကျော်က ဆင်းရဲမွဲတေမှုညွှန်ကိန်းအဆင့်အောက်မှာ နေထိုင်ကြသည်။ Pew သုတေသနစင်တာ၏ထုတ်ပြန်ချက်အရ ထိုအထဲမှ ယခုရာစုနှစ်အတွင်းရောက်လာသူအများစုမှာ ကရင်ဒုက္ခသည်များဖြစ်သည်။

Credit…Minzayar Oo for The New York Times
Credit…Adam Dean for The New York Times

God’s Army အတွက် တိုက်ပွဲဝင်ခဲ့ဖူးသည့်နှစ်ခြင်းသင်းအုပ်ဆရာ စောမချာ တယောက် ၂၀၀၉ခုနှစ်မှာ သူ့ဇနီး၊ ကလေးငါးယောက်၊ မြေး၁၃ယောက်နှင့်မြောက်ကယ်ရိုလိုင်းနားရှိနယူးဘန်းမြို့ကို ပြောင်းလာသည်။ ဤမြို့သည် ကရင်လူမျိုး ၁၀၀၀ နီးပါးအခြေချနေထိုင်သည့် မြစ်ကမ်းနားမြို့တမြို့ ဖြစ်သည်။

ကရင်များကြောင့် နယူးဘန်းမြို့၏ နှစ်ခြင်းခရစ်ယာန်ဘုန်းတော်ကြီးတို့၏အလုပ်များ ပြန်လည်ရှင်သန်လာသည်။ အစိုးရကျောင်းများအတွက် အားသစ်အင်သစ်ဖြစ်လာသည်။ သို့သော် ကရင်မိသားစုများက အပြင်မှာ ငါးခြောက်လှမ်းသည့်အခါ အိမ်နီးခြင်းများက စူးစိုက်ကြည့်ကြသည်။ အေတီအမ်စက်တွေ၊ ကားအာမခံ၊ အရိုးပျောက်ကြက်ရင်ပုံသားစသဖြင့် သူတို့အတွက် သိစရာသင်စရာအများကြီးရှိနေသည်။

အမေရိကန်ပြည်ထောင်စုရှိ ကရင်ဒုက္ခသည်များကြားမှာ စိတ်ဒဏ်ရာအနာတရဖြစ်နှုန်းက သာမန်ထက်များနေသည်ကို လေ့လာမှုတခုမှာ တွေ့ရသည်။ စစ်၏စိတ်ဒုက္ခကြောင့်သာမဟုတ်။ အိမ်ယာဌာနေသစ်တည်ဆောက်အခြေချမှု၏ ခက်ခဲကြမ်းတမ်းမှုတွေကြောင့်ဖြစ်သည်။

၂၀၁၅ခုနှစ်က နယူးဘန်းကိုရောက်လာသည်မှာ နှစ်နှစ်မပြည့်သေးသည့် ကရင်ဆယ်ကျော်သက်လူငယ်တဦးက အိမိနီးခြင်း အခြားကရင်ဒုက္ခသည်မိသားစုဆီသွားပြီး ကလေးသုံးယောက်ကိုဓားဖြင့်ခုတ်သတ်လိုက်သည်။ သူက ယခုတော့ စိတ်ကျန်းမာရေးကုသဌာနမှာ ရှိနေသည်။

အမေရိကန်ပြည်ထောင်စုက ကရင်ဒုက္ခသည်အများစုက အသားထုပ်ပိုးရသည့်အလုပ်ကဲ့သို့ လုပ်ခလစာနည်းသည့် အလုပ်များလုပ်ကိုင်ကြရသည်။ ၁နာရီအတွင်း ကြက်ဆင်အမြီး၂၀၀၀ ဖြတ်တောက်ဖို့ ဘယ်အင်္ဂလိပ်စကားမှ တတ်နေရန်မလို။

နယူးဘန်းမြို့တဝိုက်စက်ရုံများက အလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်လာသည့်အခါ ကရင်လူမျိုး ၇၀ခန့် ဖျားနာကြသည်။ တယောက် သေဆုံးသွားသည်။

“မမြင်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်က တောထဲမှာစစ်တိုက်ရတာထက်ဆိုးတယ်” အသက်၇၂နှစ်အရွယ် စောမချာ က ပြောသည်။

စောမချာ ကူညီတည်ထောင်ထားသည့်နယူးဘန်းမြို့က လူပေါင်း ၄၀၀ အင်အားရှိသည့် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းသို့ ဆယ်လေးမူး၏ ဆွေမျိုးများက တက်လေ့ရှိသည်။ သူက သူ့ဖခင် ကြက်သားစက်ရုံကပြန်လာတိုင်း စိတ်ပူရသည်။ သူက နယူးဘန်းကိုလွန်ခဲ့သောဆယ်နှစ် သူ့အသက်၉နှစ်အရွယ်မှာ ရောက်လာသည်။ ကျောင်းမှာသူက အိမ်သာကို အင်္ဂလိပ်စကားဖြင့် မည်သို့မေးရမည်မသိ။ ထိုကြောင့် နာရီပေါင်းများစွာ သူ အောင့်ထားရသည်။ ကားလိုင်စင်အောင်ဖို့ သူ့အမေက ၂၄ကြိမ်ကြိုးစားခဲ့ရသည်။

သူ့အမက လက်သည်းအလှပြင်ဆိုင်မှာအလုပ်ရသည်။ သူ့အကိုကြီးက မရိန်းတပ်ထဲမှာ။ သို့သော် ဆယ်လေးမူး ကငယ်ရွယ်သေးတော့ နောက်ပိုင်းမှာ အင်္ဂလိပ်စကားကို လွယ်လွယ်တတ်မြောက်လာသည်။ သူက ကျောင်းမှာ စာတော်သည်။

ဆယ်လေမူးမြန်မာပြည်တုန်းက ပဋိပက္ခဇာတ်လမ်းများကို နေ့စဉ်ကြားရသည်။ စစ်တပ်လက်ချက်ဖြင့် သူ့ဦးလေး သေဆုံးမှု၊ အစိတ်စိတ်ကွဲသွားသည်အထိအောင် သူတို့လူထုကိုဝင့်ဝင့်ထည်ထည်ဦးဆောင်ခဲ့သည့်အမြွှာညီကိုဇာတ်လမ်း။

“ဟုတ်တယ်ရှင့်။ အရာအားလုံးကြောက်စရာကောင်း၊ လူတိုင်းကဗမာစစ်တပ်ကိုကြောက်နေရတဲ့ အဲ့ဒီလိုအချိန်မျိုးမှာ အခြားသူတွေ တိုက်ခိုက်ရေးထဲပါလာအောင်ဦးဆောင်ဖို့ ငယ်ရွယ်လွန်းတဲ့ကလေးတွေရှိနေတာ မဆန်းဘူးပေါ့” ဟု ” သူက ပြောသည်။

ဆယ်လေးမူး၏ဘဝကတော့ မတူခြားနားသည့်လမ်းကြောင်းတခုပေါ်မှာ။ သည်နှစ်မှာ သျှာလစ်ကမြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ပညာသင်ဆုကို သူ ရသည်။ သူက သူ့မိသားစုမှာ ကောလိပ်ကိုပထမဆုံးရောက်သူ မိသားစုဝင်။

တနေ့ ဆွီဒင်ယော်တဲ့နဲမြို့ကသူ့အိမ်မှာ သိုးမွှေးဦးထုပ်ဆောင်းထားသည့်လူသာက ဖေ့စ်ဘုတ်သုံးကာ တွေ့နေကျ ကရင်အမျိုးသမီးနာမည် နော် ပါသည့်နာမည်သွားတွေ့သည်။ သူသဘောကျမည့်တယောက်ဖြစ်မည့် နော်နာမည်များကို အထက်အောက် သူ ရွှေ့ကြည့်သည်။

မြန်မာစစ်သားများကြောင့် တောတောင်ထဲထွက်ပြေးရသည့်ကရင်ရွာတရွာမှာနေသည့် နော်လေးကပေါဝါး အတွက်တော့ ဖေ့စ်ဘုတ်မှာမိတ်ဆွေဖြစ်ခွင့်လာတောင်းခံရခြင်းက နောက်ပြောင်ကျီစယ်မှုတခုဟုပင် ထင်ရသည်။ God’s Army ကိုဦးဆောင်ခဲ့သည့်အမွှာထဲကတယောက်ဖြစ်သည့်လူသာထူးနေရာမှာ တယောက်ယောက်က အယောင်ဆောင်နေသည်မှာသေချာသည်။

ဒါကတကယ့်လူသာဖြစ်နေသည်။ သူက အထီးကျန်သည်။ အွန်လိုင်းမှာ ချိန်းတွေ့ပြောဆိုလာသည်မှာ နှစ်များစွာကြာပြီးနောက် နော်လေးကပေါဝါးက သူ့ကို မြန်မာပြည်အိမ်ပြန်လာဖို့ခေါ်သည်။ ဆွီဒင်နိုင်ငံကူးလက်မှတ်ကိုင်ပြီး သူ လွန်ခဲ့သည့်၂နှစ်က တကယ်ပြန်လာသည်။ သူတို့နှစ်ယောက် သစ်တောအစွန်အဖျားမှာနေထိုင်သည်က များသည်။ ကြိုးပုခက်မှာအိပ်ကြ၊ သို့မဟုတ် တဲအောက်မှာကြက်များရှိသည့်တဲအိမ်တလုံးမှာ အိပ်ကြသည်။

“ကျုပ်က အာရှကိုချစ်တယ်” ဟု သူပြောသည်။ “ဆွီဒင်က အရမ်းအေးတယ်”

မုတ်သုန်လေကြောင့် ဖုန်းလိုင်းကမောက်ကမ မဖြစ်ချိန်၊ သူတို့ဖုန်းကိုငွေဖြည့်ရန် ငွေအလုံအလောက်ရှိချိန်မှာ နယူးဇီလန်ကလူသာမိသားစုနှင့်သူတို့စကားပြောသည်။ (သူ့ဖခင်က ၂၀၁၇မှာ ဆုံးပါးခဲ့သည်။)

အမွှာညီကို၏မိခင်ဒေါ်ပီခန်းလည်း ဂျွန်နီနှင့်ဗီဒီယိုဖုန်းပြောသည်။ အခြားသူများကဲ့သို့ပင် သူ အရက်သောက်သည်ကို သူ စိတ်ပူသည်။

“သူက မိသားစုကိုလွမ်းတယ်လေ” မိခင်ကပြောသည်။ “သူက စိတ်ထိခိုက်ခံစားမှုရှိတယ်။ သူ့ကို ဂရုစိုက်နေရတယ်”

Credit…Cornell Tukiri for The New York Times

သူ့သား၏ဆံပင်ကိုပွတ်သပ်နေသလိုမျိုး မိခင်က ဖုန်းမျက်နှာပြင်ကို လက်လှမ်းလိုက်သည်။

လူသာနှင့်မတူသည်က ဂျွန်နီမှာနယူးဇီလန်ကိုလည်ပတ်ဖို့နိုင်ငံကူးလက်မှတ်မရှိ။ ထို့အပြင် သူ့ကိုကရင်တွေက လိုအပ်နေတုန်းပဲဟု သူ့မိခင်က ပြောသည်။

“ဗမာစစ်တပ်က သူ့ကိုပစ်သတ်မှာ ကျမ စိုးရိမ်တယ်” ဟု သူပြောသည်။ “သူတို့တွေက ကိုယ့်လူမျိုး ကိုယ့်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ဖို့လိုတယ်”

ဂျွန်နီနှင့်လူသာ၏ညီမငယ် နောပေါလောထူးက ၁၇နှစ်။ သူ အထက်တန်းအောင်ပြီးသည့်နောက်မှာ သူက ဖက်ရှင်၊ ဒီဇိုင်း လေ့လာချင်သည်။ မသေချာ။ သူ မတင်မကျဖြစ်နေသည်က စစ်နှင့်မပတ်သက်သည့်ဆယ်ကျော်သက်တိုင်း၏ စိတ်မပိုင်းဖြတ်နိုင်မှုပင်။

တခါက ကရင်အကြောင်းအက်ဆေးတပုဒ် ကျောင်းမှာသူရေးသည်။ ကရင်တို့က သူ့အမိမြေကို ကော်သူလေး ခေါ်ပုံ၊ မြန်မာစစ်တပ်က မုဒိန်းကျင့်သတ်ဖြတ်ပုံကလေးများက လူသားမိုင်းရှာဖွေးရေးပစ္စည်းများဖြစ်သွားရပုံကို သူ ရေးသည်။

ဝါးတောထူထူထဲထဲအေးမြသည့်တောင်ကုန်းများကိုရေးခြယ်ပြဖို့ သူ ကြိုးစားသည်။ သို့သော် သူက ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာမွေးဖွားခဲ့သည့်အတွက် ထိုဝါးတောများကို မမြင်ဖူးခဲ့။

သူ့အကိုများဖြစ်သည် အမြွှာနှစ်ယောက်အကြောင်း သူ ရေးသည်။ သူတို့ဘာသာတရားကိုင်းရှိုင်းပုံ၊ သူတို့စွမ်းပကားကို ရေးသည်။ “သူတို့ကိုယ်ပျောက်နေလို့ရတာ သိပ်ကောင်းတယ်လို့ ကျမ ထင်တယ်” သူ ပြောသည်။ သူ့အက်ဆေးကို “အလွန်ကောင်း”အဖြစ် သုံးသပ်အကဲဖြတ်ပေးသည်။ ထိုအချိန်က ကျောင်းမှာ သူ ဂုဏ်အယူရဆုံးအချိန် ဖြစ်သည်။

သို့သော် သူ့အက်ဆေးထဲကအမိမြေက ရှိမနေပါ။ ယခုအချိန်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက K.N.L.A, D.K.B.A, B.G.F စသည်ဖြင့်အတိုကောက်ခေါ်သည့်အဖွဲ့များအဖြစ် ပန်းစင်္ကြာမှန်ပြောင်းကြည့်ရသလိုကွဲပြားသွားကြပြီ။ တချို့ကမြန်မာစစ်တပ်ကို တိုက်သည်။ တချို့က ကရင်အချင်းချင်း တိုက်နေသည်။

မြန်မာနိုင်ငံတဝှမ်းမှာ လူနည်းစုတိုင်းရင်းသာများက ဒုက္ခဆင်းရဲတွေ့နေရဆဲပင်။ နှစ်ဖက်စလုံးကြောင့် ပျက်စီးထိခိုက်မှုများ ရှိသည်။ လက်နက်ကိုင်တော်လှန်မှုကို အစဉ်အလာယဉ်ကျေးမှုတရပ်အဖြစ်မြင်သည့်လူနည်းစုများနှင့် ပြည်သူ့စစ်မျိုးစုံကို မြန်မာစစ်တပ်က ဦးစားပေးပစ်မှတ်ထားသည်။

အချို့အပစ်ရပ်သဘောတူမှုများက စာရွက်ပေါ်မှာသာရှိသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မည်သည့်အကျိုးဖြစ်ထွန်းမှုမျှ မရှိ။

နိုဝင်ဘာလမှာစီစဉ်ထားသည့်ရွေးကောက်ပွဲက လွန်ခဲ့သောနှစ်၇၀ကျော်ကာလ တိုင်းပြည်စတင်ထူထောင်ချိန်ကပင် ကြိတ်ခဲပြည်တည်လာသည့်လူမျိုးစုများကြားကွဲခြမ်းနေမှုကို ဖော်ထုတ်ပြထားပြီ။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ယခုအခါ နိုင်ငံ၏အရပ်သားခေါင်းဆောင်။ သူ့ဖခင်လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကိုဆက်ခံသူအဖြစ် မြန်မာနိုင်ငံ၏လူမျိုးစုများက သူ့ကိုတချိန်က လေးစားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့လူထုအားလုံးအတွက် တန်းတူညီမျှဖြစ်ရမည် ကတိကဝတ်ပြုကာ တိုင်းပြည်ထူထောင်ခဲ့သည်။ ယခုအခါ စစ်တပ်၏မတော်မတရားပြုကျင့်မှုများကိုထိထိရောက်ရောက် ရှုတ်ချရန် ဒေါ်အောင်ဆန်းစုကြည်၏ငြင်းဆန်မှုက မြန်မာ့တိုင်းရင်းသားလူနည်းစုများနှင့်သူ့ကိုတချိန်က လူ့အခွင့်အရေးဆုများစွာ ချီးမြင့်ခဲ့သည့်နိုင်ငံတကာအသိုင်းအဝိုင်း၏ယုံကြည်မှုကို သူသည်လည်းဆုံးရှုံးသွားရပြီဟု သဘောရသည်။

ဂျွန်နီနှင့်လူသာက God’s Army အသစ်တခုကို မျှော်မှန်းအိပ်မက်သည်။

ဂျွန်နီ၏လက်မောင်းမှာ ကရင်ဘာသာစကားဖြင့် ရေးသားထားသည့် ဆေးမှင်ကြောင်တခုရှိသည်။ ကရင်စာသားများက အမ်၁၆ ရိုင်ဖယ်သေနတ်တလက်နှင့် အရပ်အမြင့်အတူတူ သစ်တောထဲမှာကြီးပြင်းခဲ့သော ကလေးတယောက်ကဲ့သို့ ကြမ်းထော်နေသည်။

“အမေမွေးတုန်းကလဲ သွေးရဲရဲ။ ကျုပ်က သေတော့လဲ သွေးထဲမှာပဲပြန်သေမှာ”

လူသာက သူနှင့် သူနောက်လိုက်များသွားနိုင်သည့် ဝှက်ထားသောလက်နက်များအကြောင်းပြောသည်။ ဂါထာမန္တန်အစီအရင်သာမှန်လျင် ထပ်ပြီးကိုယ်ပျောက်သွားလို့ရနိုင်သည်ဟု သူ ထင်နေသည်။ သူ့ရည်စားကောင်မလေးကတော့ သူတို့နှစ်ဦးလပြည့်ညတခုမှာ အတူဆုတောင်းဖူးသည်၊ လူသာကိုမြင်နိုင်နေရဆဲပါပဲဟု သူ ဝန်ခံသည်။ သူ့ဖုန်းဆက်လက်သုံးနိုင်ရေးအတွက်လည်း သူ့အမေဆီမှာ သူ ပိုက်ဆံတောင်းရသည်။

“ငြိမ်းချမ်းရေးအတွက် ကျုပ်တို့ပြန်တိုက်ချင်တယ်။ ကရင်တွေအတွက်တင် မဟုတ်ဘူး။ မြန်မာနိုင်ငံက လူတွေ အားလုံးအတွက် ကျုပ်တို့က တိုက်ချင်တယ်” ဟု လူသာကဆိုသည်။

အင်အားအများဆုံး ကရင်နိုင်ငံရေးအင်အားစုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ပဒိုစောဆဲပွယ်က ဂျွန်နီနှင့်လူသာတို့လက်ကိုင်သုံးခဲ့ဖူးသည့် မှော်ပဉ္စလက်အစွမ်းကို “ဘုရားသခင်ကိုမှီဖို့ တဆင့်လေးပဲလိုတယ်”လို့ God’s Army ရဲ့ အဖွဲ့ဝင်တွေက ယုံကြည်ကြကြောင်း ပြန်ပြောင်းပြောပြသည်။

ထိုအရာများအားလုံး မရှိတော့ဟု သူက ဆိုသည်။

“သူတို့ရဲ့မှော်အစွမ်းမရှိတော့ဘူး။ အခုတော့ သူတို့ကကြောင်တောင်တောင်ဖြစ်နေကြပြီ။ တချိန်တုန်းက ထူးထူးခြားခြားပေါ့။ အခုတော့ ဘာမှမဟုတ်တော့ဘူး”

အချို့ကတော့ ယုံကြည်နေဆဲပင်။

“လူသာနဲ့ဂျွန်နီတို့က ကျုပ်တို့အတွက် တိုက်ပွဲဝင်ကြဦးမှာ”ဟု သြကလန်မှာ သူ့ကလေး ၉ ယောက်နှင့်အတူနေသည့် God’s Army တပ်သား ဦးအာနာဝါးကပြောသည်။ “သူတို့ဘုရားသခင်ကိုယုံကြည်နေသ၍၊ အရက်နဲ့ ဝေးဝေးနေသ၍တော့ ကျုပ်တို့ကိုဦးဆောင်နိုင်မှာပါ”

သို့သော် အမွှာညီကိုနှစ်ယောက်က မကြာခဏ မူးနေသည်။ နှစ်ဦးစလုံးကလည်း အလုပ်လက်မဲ့ဖြစ်နေကြသည်။

Credit…Adam Dean for The New York Times
Credit…Minzayar Oo for The New York Times

ဂျွန်နီ၏ဝမ်းကွဲအမက သူ့ကိုနှစ်သိမ့်ပြီး တုန်ယင်နေသည့်သူ့လက်ကိုကိုင်ထားပေးသည်။ သူများအိပ်နေချိန်မှာ သူ နိုးနေသည်။ နှစ်လွှာပေါင်းမှပြည့်စုံသည့်အတွဲအစပ်တခုမှာ တလွှာပျောက်ဆုံးနေသည့်တယောက်လို သူ ခွေခေါက်နေသည်။

“ကျုပ်က တောကိုလွမ်းတယ်” ဟုသူပြောသည်။ “ကျုပ်ကြီးပြင်းခဲ့တဲ့နေရာကိုလွမ်းတယ်”

သူ့ကိုအရက်မရောင်းတော့ရန် လူသာ၏မိန်းကလေးမိသားစုက ရွာစတိုးဆိုင်ကိုပြောထားသည်။ တခါတရံ အရက်အလွန်အကျွံသောက်ပြီးနောက် သူ သွေးအန်သည်။ မြန်မာနိုင်ငံအိမ်ကို သူ ပြန်ရောက်နေသည်။ သို့သော် နေရပ်စွန့်ခွာရသူတယောက်ကဲ့သို့ပင် ပူဆွေးလမ်းပျောက်နေသည်။

“ကျုပ်အသက်ရှင်နေတုန်းပဲ” လူသာကပြောသည်။ သူ့ဘာသာသူတော့ ဟုတ်နေသည်။ “အရက်က ကျုပ်ဝေဒနာကို ရပ်တန့်ပေးနိုင်တယ်”

တညနေမှာ တဲရှေ့ က တောထဲကွက်လပ်တခုမှာ လူသာနှင့်သူ့မိန်းကလေးမိသားစုက ခရစ်ယာန်ဓမ္မတေးအဖွဲ့ဗီဒီယို ကြည့်ရန်ဆဲလ်ဖုန်းတဝိုက်မှာ စုဝေးကြသည်။ ညပိုးကောင်များက ဖုန်းမျက်နှာပြင်ဆီ အလင်း၏ဆွဲဆောင်မှုကြောင့် တရှိန်ထိုးပြေးဝင်လာသည်။

ဖုန်းမျက်နှာပြင်က စာသားများအတိုင်း လူသာက သူ့နှုတ်ခမ်းများလှုပ်ရွလိုက်သည်။

“ဘုရားသခင်၏ အနှိုင်းမဲ့ မေတ္တာတော်”ဟု သူ ဆိုသည်။ “ငါတို့ ဆက်အသက်ရှင်မယ်။ ကောင်းရာကောင်းကျိုးအတွက် ငါတို့တိုက်ပွဲဝင်မယ်”

စောနန်းက နတ်သံကွင်းမှ ရေးသားပေးပို့ပြီး မုခ်တီးတာဆူဟာတိုနိုက ထိုင်းနိုင်ငံ ဆွမ်ဖူးအိမ်းက သတင်းပေးပို့သည်။

Source

LEAVE A REPLY

Please enter your comment!
Please enter your name here